Friday, May 5, 2017

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ။

နေပြည်တော်၊ မေလ(၅)ရက်

    ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ(၅) ရက်နေ့ နံနက်(၉)နာရီခွဲအချိန်က စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ ၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
    အခမ်းအနားတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားသည်။
    ထို့နောက် အစည်းအဝေးကိုဆက်လက်ကျင်းပရာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန်မည့် ညွှန်ကြားချက်များဖြစ်သော အမွေဆက်ခံခြင်း၊ စနစ်ကျလယ်ယာမြေသို့ မြေယာပြုပြင်ပြောင်းလဲခြင်း ကိစ္စ ရပ်များ အပါအဝင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိပြီးသော ဦးပိုင်များအား ခွဲစိတ်ခွင့်၊ ပေါင်းစည်းခွင့်နှင့်လုပ်ငန်း လိုအပ်ချက်အရ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးပြီးနောက် အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အယူခံမှုဆုံးဖြတ် ခြင်းများ ဆောင်ရွက်ရာ၌ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် စစ်ဆေးချက်နှင့်‌ဆုံးဖြတ်ချက်များ အပေါ် လက်မှတ်ရေးထိုးရာတွင် လိုက်နာကျင့်သုံး ဆောင်ရွက်ရန် ညွှန်ကြားခြင်းများ နှင့် လိုအပ်ပါက ရပ်ကွက် /ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့် ပြင်ဆင်ဖွဲ့စည်းနိုင်ရန် ကိစ္စရပ်များကို လည်းကောင်း၊
    နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် သိမ်းယူခဲ့သည့် လယ်ယာမြေများ အတွက် နစ်နာကြေး၊ လျော်ကြေးပေးချေရန်ကိစ္စရပ်များ၊ တောင်သူများလက်ဝယ်သို့ ပြန်လည်ပေးအပ် ခဲ့ပြီးဖြစ်သည့် လယ်ယာမြေများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ထုတ်ပေးနိုင်ရေး ကိစ္စရပ်များကို လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အသီးသီးမှ ထောက်ခံ တင်ပြချက်များ ဖြင့် ပြီးပြည့်စုံစွာ တင်ပြလာသည့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ (က) အရ လယ်ယာမြေ အခြားနည်း သုံးစွဲခွင့် နှင့် လယ်ယာမြေ ဥပဒေပုဒ်မ ၂၈ (က) အရ မူလစိုက်ပျိုးလျက် ရှိသော သီးနှံအမျိုးအစားမှ အခြား သီးနှံအမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုးခွင့်ပြုပါရန် တင်ပြလာသည့် လုပ်ငန်း ကိစ္စရပ်များကို လည်းကောင်း အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။
    စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်၊ တောင်သူလယ်သမားများ၏ မျှော်လင့်ချက်နှင့်လိုအပ်ချက်များ အပေါ် အကောင်းဆုံးဖြည့်ဆည်း ပေးနိုင်ရန် ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာတွင် လယ်ယာမြေစီမံခန့်ခွဲမှု၏ အဓိကမဏ္ဍိုင် ဖြစ်သော လယ်ယာမြေဥပဒေ ကို ခေတ်စနစ်နှင့်လိုက်လျောညီထွေမှုရှိစေရန် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အပေါ်တွင် လိုအပ်ချက်များ၊ ပြင်ဆင်သင့်သောအချက်များကို ထည့်သွင်းပြင်ဆင်ပြုစုပြီး လယ်ယာမြေ ဥပဒေ(ပြင်သည့်ဥပဒေ)(မူကြမ်း)အား လုံခြုံရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ကော်မတီ သို့ တင်ပြထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။




Wednesday, May 3, 2017

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်(World Bank)တို့ ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ထပ်မံဆောင်ရွက်မည့် လူထုဗဟိုပြုစီမံကိန်း မြို့နယ်ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

 ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်(World Bank)တို့ ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ထပ်မံဆောင်ရွက်မည့် လူထုဗဟိုပြုစီမံကိန်း မြို့နယ်ရွေးချယ်ခြင်းအခမ်းအနားကို မေလ(၂)ရက်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ ၊ကျေးရွာများမှ ကိုယ်စားလှယ်ပြည်သူများတက်ရောက်ကြပါသည်။
 စီမံကိန်းလုပ်ငန်းများအတွက်ဘဏ္ဍာငွေကို နိုင်ငံတော်ဘတ်ဂျက်၊ကမ္ဘာ့ဘဏ်ကူညီထောက်ပံ့ငွေ၊ချေးငွေနှင့် အီတလီအစိုးရချေးငွေတို့ဖြင့် နိုင်ငံတော်မှချမှတ်ထားသော ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ကမ္ဘာ့ဘဏ် အဖွဲ့၏ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီရရှိသုံးစွဲဆောင်ရွက်သည်။
  ရွေးချယ်ရေးလုပ်ငန်းများကို ပွင့်လင်းမြင်သာစွာဖြင့် ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ရွေးချယ်ခံရသည့် မြို့နယ်မှာရှိ ကျေးရွာအားလုံးအား အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
စီမံကိန်းလုပ်ငန်းများအား ပြည်သူများကိုယ်တိုင်ရေးဆွဲထားသည့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် (Village Development Plan)ဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ရပြီး လုပ်ငန်းပြီးစီးမှုကိုလည်း ကျေးရွာလူထုဖြင့်ဖွဲ့စည်းထားသည့်အဖွဲ့ဖြင့်စစ်ဆေးဆောင်ရွက်ခြင်းဖြစ်သည်။ 
 စီမံကိန်းပြီးဆုံးသည့်နောက် ကျေးရွာလူထုကိုယ်တိုင် ပြင်ဆင်ထိန်းသိမ်းနိုင်ရန် အတတ်ပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများပေးခြင်း၊ လုပ်ငန်းများကိုကျွမ်းကျင်အောင် သင်ကြားပို့ချပေးပါသည်။
ဆောင်ရွက်သည့်လုပ်ငန်းများအပေါ် ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်ရေးအတွက်လည်း ကျေးရွာ၊မြို့နယ်နှင့် ဦးစီးဌာနရှိ တိုင်ကြားမှုဖြေရှင်းပေးရေးအဖွဲ့များသို့ တိုင်ကြားနိုင်ပြီး ဦးစီးဌာနနှင့် ပြည်ထောင်စုအဆင့် တာဝန်ခံများမှ ဖြေရှင်းဆောင်ရွက်ပေးပါသည်။
   လုပ်ငန်းအလိုက်ကော်မတီများဖွဲ့စည်းပေးထားပြီး ကော်မတီတိုင်းတွင် ကျားမတန်းတူဖြစ်စေရန် အမျိုးသမီးများကိုလည်း ထည့်သွင်းဖွဲ့စည်းပေးပြီး လုပ်ကိုင်နိုင်သည့် အလုပ်ပေါ်မူတည်၍ တူညီသော လုပ်အားခလည်းရရှိသဖြင့် ကျေးလက်နေ အမျိုးသမီးများ၏ ကိုယ့်အားကိုယ်ကိုးနိုင်သည့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရာလည်းရောက်ပါသည်။
ဘဏ္ဍာငွေသုံးစွဲရာတွင် သက်ဆိုင်ရာ ကျေးရွာကော်မတီများ၊မြို့နယ်နှင့်တိုင်းပြည်နယ်များ၏ အနီးကပ် စီမံဆောင်ရွက်မှု၊ ဦးစီးဌာန၊ ကမ္ဘာ့ဘဏ်တို့၏ကြီးကြပ်မှုများဖြင့်ဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးသည့် တစ်နှစ်ပြည့်အချိန်တွင် သက်ဆိုင်သူပေါင်းစုံပါဝင်သောမြို့နယ်နှင့် ပြည်ထောင်စုအဆင့် စီမံကိန်းသုံးသပ်ပွဲများပြုလုပ်ပြီး ရရှိသောရလဒ်များကို နောင်နှစ်လုပ်ငန်းများအတွက် လုပ်ငန်းလမ်းညွှန်များတွင်ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။
   စီမံကိန်းကို တစ်မြို့နယ်လျင်(၄) နှစ်ဆက်တိုက်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁အထိ စုစုပေါင်းမြို့နယ် (၆၃)မြို့နယ်ကို ဆောင်ရွက်ပေးသွားပါမည်။
စီမံကိန်းကြီးရေရှည်တည်တံ့အောင်မြင်အောင် တိုင်းအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ကျေးလက်နေပြည်သူများမှ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးဆွေးနွေးခဲ့ကြသည်။

 



ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
မြန်မာနိုင်ငံ၏သမဝါယမအသင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးအတွက်
စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း  ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား။

 
နေပြည်တော်၊ မေလ(၂)ရက်

         သမဝါယမလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးလုပ်ငန်းများပုံစံ ဖြစ်ပေါ်လာ စေရန်၊ သမဝါယမစီမံအုပ်ချုပ်မှုစနစ်ကောင်းများ ပေါ်ပေါက်လာစေရန်၊ နိုင်ငံတကာ သမဝါယမလှုပ်ရှားမှု များကို လေ့လာပြီးမြန်မာနိုင်ငံနှင့် ကိုက်ညီမည့် သမဝါယမစနစ်များ ချမှတ်အကောင်အထည်ဖော်နိုင် စေရန်၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် စာရင်းဇယားပိုင်းဆိုင်ရာ ကိစ္စရပ်များ ပိုမိုနားလည်တက်ကျွမ်းစေရန်၊ အသင်းအဖွဲ့ ဆိုင်ရာမူဝါဒများ ချမှတ်အကောင် အထည်ဖော်နိုင်စေရန် တို့ကိုရည်ရွယ်၍ မြန်မာနိုင်ငံ၏ သမဝါယမ အသင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း  ဖွင့်ပွဲအခမ်းအနား ကို မေလ(၂)ရက်နေ့ နံနက်(၉)နာရီအချိန်က နေပြည်တော်ဟိုတယ်ဇုံရှိ မန်းမြန်မာ ဟိုတယ်၌ ကျင်းပပြု လုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ငွေ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ World Council of Credit Unions WOCCU ၏ ဥက္ကဋ္ဌ Mr.Daniel Burns နှင့် အမှုဆောင်အရာရှိချုပ် Dr.Brian Branch ၊ UNDP မှ Country Director Mr. Peter Batchelor ၊ UNCDF မှ Program Specialist Mr.Paul Luchtenburg ၊  ACCU တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းတက်ရောက်ကြမည့် သမဝါယမဦးစီးဌာန မှ အရာထမ်းများ စုံညီစွာတက်ရောက်ကြသည်။
    အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားပြီး WOCCU ၏ ဥက္ကဋ္ဌ Mr.Daniel Burns ၊ UNCDF ၏ Program Specialist Mr.Paul Luchtenburg နှင့် ACCU ၏ အမှုဆောင်အရာရှိချုပ် Ms.Leni V. San Roque တို့က နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြား ကြသည်။
    ယခုဖွင့်လှစ်သည့် မြန်မာနိုင်ငံ၏ သမဝါယမအသင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ခိုင်မာရေး အတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း  ကို သမဝါယမဦးစီးဌာန နှင့် အာရှငွေကြေးအဖွဲ့ချုပ် (ACCU) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီး ပြည်နယ် သမဝါယမ ဦးစီးဌာနများ မှ အရာထမ်းများ၊ သမဝါယမဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ အရာထမ်းများအား မေလ(၂)ရက်နေ့မှ မေလ(၅)ရက်နေ့အထိ Strategic Strengthening ၊ Cooperative Governance ၊ Financial Management Accounting ၊ Organizational Development and Operations စသည့် သင်ခန်းစာများကို WOCCU ၏ ဥက္ကဋ္ဌ Mr. Daniel Burns ၊ WOCCU ၏ အမှုဆောင်အရာရှိချုပ် Dr. Brian Branch ၊ UNDP ၏ Country Coordinator Mr. Paul Luchtenburg ၊ ACCU ၏ Training Officer Mr. Dindo Meroy ၊ ACCU ၏ အမှုဆောင်အရာရှိချုပ် Ms.Leni V. San Roque၊ ACCU ၏ Project Manager Mr.Rajith Hettiarachchi တို့က ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
    အဆိုပါသင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြင့် လက်ရှိဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းများ သည် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်(ICA)၏ သမဝါယမ အခြေခံမူများနှင့်အညီ အများ အကျိုးပြု ဆောင်ရွက်ပေးနိုင်ခြင်းကဲ့သို့  ရေရှည်တည်တံ့နိုင်မည့် နည်းလမ်း ကောင်းများကို စီစစ်သုံးသပ် ပိုင်းခြား နိုင်ခြင်း၊ နိုင်ငံတကာသမဝါယမအတွေ့အကြုံကောင်းများကို သေချာစွာလေ့လာပြီး မြန်မာ့ သမဝါယမ ဖွံ့ဖြိုးမှုဆောင်ရွက်နေခြင်းများနှင့် နှိုင်းယှဉ်၍  နည်းစနစ်ကောင်းများကို ချမှတ်စီမံခြင်းများ ဆောင်ရွက်လာ  နိုင်မည်ဖြစ်ပြီး လိုအပ်ပါက နိုင်ငံတကာအဆင့်မှီ သမဝါယမအဖွဲ့အစည်းများ၏ နည်းပညာအကြံဉာဏ် ကောင်းများဖြင့် တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိ သည်။