Wednesday, May 3, 2017

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်(World Bank)တို့ ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ထပ်မံဆောင်ရွက်မည့် လူထုဗဟိုပြုစီမံကိန်း မြို့နယ်ရွေးချယ်ခြင်းအခမ်းအနားကျင်းပ

 ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်(World Bank)တို့ ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ထပ်မံဆောင်ရွက်မည့် လူထုဗဟိုပြုစီမံကိန်း မြို့နယ်ရွေးချယ်ခြင်းအခမ်းအနားကို မေလ(၂)ရက်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်းဂျော်နီ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးလှကျော်၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ ၊ကျေးရွာများမှ ကိုယ်စားလှယ်ပြည်သူများတက်ရောက်ကြပါသည်။
 စီမံကိန်းလုပ်ငန်းများအတွက်ဘဏ္ဍာငွေကို နိုင်ငံတော်ဘတ်ဂျက်၊ကမ္ဘာ့ဘဏ်ကူညီထောက်ပံ့ငွေ၊ချေးငွေနှင့် အီတလီအစိုးရချေးငွေတို့ဖြင့် နိုင်ငံတော်မှချမှတ်ထားသော ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ကမ္ဘာ့ဘဏ် အဖွဲ့၏ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီရရှိသုံးစွဲဆောင်ရွက်သည်။
  ရွေးချယ်ရေးလုပ်ငန်းများကို ပွင့်လင်းမြင်သာစွာဖြင့် ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ရွေးချယ်ခံရသည့် မြို့နယ်မှာရှိ ကျေးရွာအားလုံးအား အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
စီမံကိန်းလုပ်ငန်းများအား ပြည်သူများကိုယ်တိုင်ရေးဆွဲထားသည့် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် (Village Development Plan)ဖြင့် ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ရပြီး လုပ်ငန်းပြီးစီးမှုကိုလည်း ကျေးရွာလူထုဖြင့်ဖွဲ့စည်းထားသည့်အဖွဲ့ဖြင့်စစ်ဆေးဆောင်ရွက်ခြင်းဖြစ်သည်။ 
 စီမံကိန်းပြီးဆုံးသည့်နောက် ကျေးရွာလူထုကိုယ်တိုင် ပြင်ဆင်ထိန်းသိမ်းနိုင်ရန် အတတ်ပညာနှင့် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများပေးခြင်း၊ လုပ်ငန်းများကိုကျွမ်းကျင်အောင် သင်ကြားပို့ချပေးပါသည်။
ဆောင်ရွက်သည့်လုပ်ငန်းများအပေါ် ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်ရေးအတွက်လည်း ကျေးရွာ၊မြို့နယ်နှင့် ဦးစီးဌာနရှိ တိုင်ကြားမှုဖြေရှင်းပေးရေးအဖွဲ့များသို့ တိုင်ကြားနိုင်ပြီး ဦးစီးဌာနနှင့် ပြည်ထောင်စုအဆင့် တာဝန်ခံများမှ ဖြေရှင်းဆောင်ရွက်ပေးပါသည်။
   လုပ်ငန်းအလိုက်ကော်မတီများဖွဲ့စည်းပေးထားပြီး ကော်မတီတိုင်းတွင် ကျားမတန်းတူဖြစ်စေရန် အမျိုးသမီးများကိုလည်း ထည့်သွင်းဖွဲ့စည်းပေးပြီး လုပ်ကိုင်နိုင်သည့် အလုပ်ပေါ်မူတည်၍ တူညီသော လုပ်အားခလည်းရရှိသဖြင့် ကျေးလက်နေ အမျိုးသမီးများ၏ ကိုယ့်အားကိုယ်ကိုးနိုင်သည့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရာလည်းရောက်ပါသည်။
ဘဏ္ဍာငွေသုံးစွဲရာတွင် သက်ဆိုင်ရာ ကျေးရွာကော်မတီများ၊မြို့နယ်နှင့်တိုင်းပြည်နယ်များ၏ အနီးကပ် စီမံဆောင်ရွက်မှု၊ ဦးစီးဌာန၊ ကမ္ဘာ့ဘဏ်တို့၏ကြီးကြပ်မှုများဖြင့်ဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ပြီးစီးသည့် တစ်နှစ်ပြည့်အချိန်တွင် သက်ဆိုင်သူပေါင်းစုံပါဝင်သောမြို့နယ်နှင့် ပြည်ထောင်စုအဆင့် စီမံကိန်းသုံးသပ်ပွဲများပြုလုပ်ပြီး ရရှိသောရလဒ်များကို နောင်နှစ်လုပ်ငန်းများအတွက် လုပ်ငန်းလမ်းညွှန်များတွင်ထည့်သွင်းဆောင်ရွက်လျက်ရှိသည်။
   စီမံကိန်းကို တစ်မြို့နယ်လျင်(၄) နှစ်ဆက်တိုက်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၀-၂၀၂၁အထိ စုစုပေါင်းမြို့နယ် (၆၃)မြို့နယ်ကို ဆောင်ရွက်ပေးသွားပါမည်။
စီမံကိန်းကြီးရေရှည်တည်တံ့အောင်မြင်အောင် တိုင်းအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများနှင့် ကျေးလက်နေပြည်သူများမှ ဝိုင်းဝန်းကူညီ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးဆွေးနွေးခဲ့ကြသည်။

 



No comments:

Post a Comment