Wednesday, May 3, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ
မြန်မာနိုင်ငံ၏သမဝါယမအသင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးအတွက်
စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း  ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား။

 
နေပြည်တော်၊ မေလ(၂)ရက်

         သမဝါယမလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးလုပ်ငန်းများပုံစံ ဖြစ်ပေါ်လာ စေရန်၊ သမဝါယမစီမံအုပ်ချုပ်မှုစနစ်ကောင်းများ ပေါ်ပေါက်လာစေရန်၊ နိုင်ငံတကာ သမဝါယမလှုပ်ရှားမှု များကို လေ့လာပြီးမြန်မာနိုင်ငံနှင့် ကိုက်ညီမည့် သမဝါယမစနစ်များ ချမှတ်အကောင်အထည်ဖော်နိုင် စေရန်၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် စာရင်းဇယားပိုင်းဆိုင်ရာ ကိစ္စရပ်များ ပိုမိုနားလည်တက်ကျွမ်းစေရန်၊ အသင်းအဖွဲ့ ဆိုင်ရာမူဝါဒများ ချမှတ်အကောင် အထည်ဖော်နိုင်စေရန် တို့ကိုရည်ရွယ်၍ မြန်မာနိုင်ငံ၏ သမဝါယမ အသင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ခိုင်မာရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း  ဖွင့်ပွဲအခမ်းအနား ကို မေလ(၂)ရက်နေ့ နံနက်(၉)နာရီအချိန်က နေပြည်တော်ဟိုတယ်ဇုံရှိ မန်းမြန်မာ ဟိုတယ်၌ ကျင်းပပြု လုပ်ရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ငွေ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ World Council of Credit Unions WOCCU ၏ ဥက္ကဋ္ဌ Mr.Daniel Burns နှင့် အမှုဆောင်အရာရှိချုပ် Dr.Brian Branch ၊ UNDP မှ Country Director Mr. Peter Batchelor ၊ UNCDF မှ Program Specialist Mr.Paul Luchtenburg ၊  ACCU တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းတက်ရောက်ကြမည့် သမဝါယမဦးစီးဌာန မှ အရာထမ်းများ စုံညီစွာတက်ရောက်ကြသည်။
    အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားပြီး WOCCU ၏ ဥက္ကဋ္ဌ Mr.Daniel Burns ၊ UNCDF ၏ Program Specialist Mr.Paul Luchtenburg နှင့် ACCU ၏ အမှုဆောင်အရာရှိချုပ် Ms.Leni V. San Roque တို့က နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြား ကြသည်။
    ယခုဖွင့်လှစ်သည့် မြန်မာနိုင်ငံ၏ သမဝါယမအသင်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ခိုင်မာရေး အတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း  ကို သမဝါယမဦးစီးဌာန နှင့် အာရှငွေကြေးအဖွဲ့ချုပ် (ACCU) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီး ပြည်နယ် သမဝါယမ ဦးစီးဌာနများ မှ အရာထမ်းများ၊ သမဝါယမဦးစီးဌာန နေပြည်တော်ရုံးချုပ်မှ အရာထမ်းများအား မေလ(၂)ရက်နေ့မှ မေလ(၅)ရက်နေ့အထိ Strategic Strengthening ၊ Cooperative Governance ၊ Financial Management Accounting ၊ Organizational Development and Operations စသည့် သင်ခန်းစာများကို WOCCU ၏ ဥက္ကဋ္ဌ Mr. Daniel Burns ၊ WOCCU ၏ အမှုဆောင်အရာရှိချုပ် Dr. Brian Branch ၊ UNDP ၏ Country Coordinator Mr. Paul Luchtenburg ၊ ACCU ၏ Training Officer Mr. Dindo Meroy ၊ ACCU ၏ အမှုဆောင်အရာရှိချုပ် Ms.Leni V. San Roque၊ ACCU ၏ Project Manager Mr.Rajith Hettiarachchi တို့က ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
    အဆိုပါသင်တန်းဖွင့်လှစ်ပို့ချပေးခြင်းဖြင့် လက်ရှိဆောင်ရွက်နေသည့် သမဝါယမလုပ်ငန်းများ သည် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်(ICA)၏ သမဝါယမ အခြေခံမူများနှင့်အညီ အများ အကျိုးပြု ဆောင်ရွက်ပေးနိုင်ခြင်းကဲ့သို့  ရေရှည်တည်တံ့နိုင်မည့် နည်းလမ်း ကောင်းများကို စီစစ်သုံးသပ် ပိုင်းခြား နိုင်ခြင်း၊ နိုင်ငံတကာသမဝါယမအတွေ့အကြုံကောင်းများကို သေချာစွာလေ့လာပြီး မြန်မာ့ သမဝါယမ ဖွံ့ဖြိုးမှုဆောင်ရွက်နေခြင်းများနှင့် နှိုင်းယှဉ်၍  နည်းစနစ်ကောင်းများကို ချမှတ်စီမံခြင်းများ ဆောင်ရွက်လာ  နိုင်မည်ဖြစ်ပြီး လိုအပ်ပါက နိုင်ငံတကာအဆင့်မှီ သမဝါယမအဖွဲ့အစည်းများ၏ နည်းပညာအကြံဉာဏ် ကောင်းများဖြင့် တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိ သည်။






No comments:

Post a Comment