ရွှေဘိုပေါ်ဆန်းစပါးမျိုးအား ဒေသထွက်ကုန်
အကာအကွယ်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ။
မြန်မာ့မိရိုးဖလာစပါးမျိုး ဗီဇအရင်းအမြစ် အမွေအနှစ်များ ထိန်းသိမ်းရန်၊ စပါးမျိုး မွေးမြူသူ(Rice Breeder)များအတွက် ပေါ်ဆန်း စပါးဗီဇကွဲမျိုးများ အသုံးချခြင်းအားဖြင့် စပါးမျိုးသစ်များ ထုတ်လုပ်နိုင်ရန်၊ ရွှေဘိုဒေသရှိ တောင်သူများ ဒေသထွက်ကုန် အကာအကွယ် ရရှိခြင်းအားဖြင့် ခိုင်မာသောဈေးကွက်ရရှိရန်နှင့် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအတွက် ကုန်အမှတ်တံဆိပ်ခိုင်မာ၍ နိုင်ငံတကာဈေးကွက်အထိ ကျယ်ပြန့်လာစေရန်တို့အတွက် ရွှေဘိုပေါ်ဆန်း စပါးမျိုးအတွက် ဒေသထွက်ကုန် အကာအကွယ်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၃ ရက်က နေပြည်တော် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန (ရေဆင်း) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန နှင့် ပညာရေး ဝန်ကြီး ဌာန ၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်ဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ ဝန်ကြီးဌာနများမှ ဌာနအကြီးအကဲများ၊ ပညာရှင်များ၊ ရွှေဘိုခရိုင် ပေါ်ဆန်းစိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ် နှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်း တို့က အဖွင့်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲတွင် ပညာရှင်များ၊ ဆန်စပါးလုပ်ငန်းရှင်များ က ရွှေဘိုပေါ်ဆန်း စပါးမျိုးအတွက် ဒေသထွက်ကုန် အကာအကွယ်ရရှိရေး ဆိုင်ရာများကို ရင်းနှီး ပွင့်လင်းစွာ အမြင်ခြင်းဖလှယ်ဆွေးနွေးကြသည်။
ပေါ်ဆန်းစပါး(ပေါ်ဆန်းဆန်)သည် မြန်မာနိုင်ငံ၏ မိရိုးဖလာ ရှေးယခင်ကတည်းက စိုက်ပျိုးသည့် အရည်အသွေးကောင်း စပါးမျိုးဖြစ်ပြီး ရှေးယခင်အစဉ် အလာအရ မိုးကောင်း သောက် ဒေသများ၊ အထူးသဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုး၍ ယခုအခါ ပေါ်ဆန်း စပါး(ပေါ်ဆန်းဆန်) ကို ရွှေဘိုကဲ့သို့သော ဆည်ရေသောက်ဒေသများတွင် စိုက်ပျိုးခဲ့ကြပြီး စိုက်ပျိုးရေးသုတေသန ဦးစီးဌာန ရေဆင်း၊ မျိုးစေ့ဘဏ်၌ စုဆောင်းထိန်းသိမ်း ထားသော ပေါ်ဆန်းဗီဇကွဲ မျိုးကွဲ ၁၀၀ ကျော်မှ မျိုးရွေးချယ်၍ ရွှေဘိုဒေသနှင့် သင့်လျော်သော မျိုး တစ်မျိုးကို ဖြန့်ဖြူးခဲ့ရာ ယခုအခါ ဧကများစွာ စိုက်ပျိုးနေကြပြီဖြစ်သည်။ ရွှေဘိုနယ်၌ စိုက်ပျိုးခြင်းကြောင့် ရွှေဘိုပေါ်ဆန်း အမည်တွင်နေ သည့် ရွှေဘိုပေါ်ဆန်းစပါးမျိုးကို ဒေသ ထွက်ကုန် အကာအကွယ်ရရှိရေးပြုလုပ်ရန် လိုအပ်လာခြင်းကြောင့် ယခုကဲ့သို့ ဝန်ကြီးဌာန သုံးခု ပူးပေါင်း၍ ဆွေးနွေးရခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

No comments:
Post a Comment