Wednesday, December 28, 2016

 မြန်မာ GAP Protocol မူကြမ်းရေးဆွဲရေး
ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
               မြန်မာ GAP Protocol မူကြမ်းရေးဆွဲရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို (၂၇.၁၂.၂၀၁၆ မှ ၂၈.၁၂.၂၀၁၆) ရက်နေ့အထိ နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်တွင် ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန နှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် တို့မှ ဌာနအကြီးအကဲများ ပညာရှင်အဖွဲ့များ ဖိတ်ကြားထားသူများ စုံညီစွာတက်ရောက်ဆွေးနွေးကြသည်။
                 အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းမှ အဖွင့် အမှာစကားပြောကြားရာတွင် စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ် ချက်များ၊ နည်းပညာပေး သရုပ်ပြစိုက်ကွင်းများ ထူထောင်ပြသရန် နှင့် GAP အသိအမှတ်ပြု လက်မှတ် ထုတ်ပေး နိုင်ရေးဆိုင်ရာများ ၊ စစ်ဆေးကြပ်မတ်မှု ဆောင်ရွက်ရန် လိုအပ်ချက်များကို အသေးစိတ် ဆွေးနွေးမှာကြား သည်။ ထို့နောက် ဆွေးနွေးပွဲတက်ရောက်လာကြသူများက မြန်မာ GAP Protocol မူကြမ်းတွင် ထည့်သွင်း သတ်မှတ်သင့်သည့်အချက်တစ်ချက်ချင်းကို သီးနှံများ အလိုက် အသေးစိတ်အကြံပြု ဆွေးနွေးကြသည်။
         ယနေ့ လူတို့၏ နေထိုင်စားသောက်မှုပုံစံများလည်း ပြောင်းလဲလျက်ရှိရာ သာမန်စားသုံးမှု ပုံစံထက်  ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရ ပြည့်ဝသည့် အစားအသောက် များ ဖြစ်စေရေး၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး တို့ကို ဦးစားပေး ဂရုပြုလာကြသည်ကို တွေ့ရှိရသည်။ စိုက်ပျိုးထုတ်လုပ်မှုနည်းစနစ်များတွင် စံသတ်မှတ်ချက်များဖြင့် ဆောင်ရွက်လျက်ရှိရာ မကြာမီ ပြောင်းလဲကျင့်သုံးလာမည့် လွတ်လပ်သောအာဆီယံ ကုန်သွယ်ဖက်စနစ်တွင် အာဆီယံဒေသတွင်း နိုင်ငံများအချင်းချင်း လွတ်လပ်စွာကုန်သွယ်နိုင်ကြမည်ဖြစ်ပြီး တစ်ချိန်တည်းတွင် စိုက်ပျိုးရေး ထွက်ကုန် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ တင်ပို့ရောင်းချရာ၌ အရည်အသွေး စံချိန်စံညွှန်း သတ်မှတ်ချက်များ ဓါတုဓါတ်ကြွင်းကင်းစင်ရေးသတ်မှတ်ချက်များကို လိုက်နာ ဆောင်ရွက်ကြရ မည်ဖြစ်သည်။
GAP စံနှုန်းများ၊ အော်ဂဲနစ်စံနှုန်းများ ကိုက်ညီသည့် ကုန်ပစ္စည်းများ အနေဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်ရောင်းချနိုင်မည့်နည်းတူ စံချိန်စံညွှန်းပြည့်မီခြင်းမရှိသော ကုန်ပစ္စည်းများ အနေဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်မှ လက်မခံဘဲ ဆုံးရှုံးနစ်နာမှုများ ခံစားရနိုင်သည်ဖြစ်ရာ ယခုအချိန်သည် စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များ ပြောင်းလဲကျင့်သုံးရန် အချိန်အခါကောင်းလည်း ဖြစ်ပေသည်။





No comments:

Post a Comment