Tuesday, July 18, 2017

          မြန်မာ့စိုက်ပျိုးရေးကွန်ယက် MAN နှစ်ပတ်လည် အထွေထွေအစည်းအဝေးကျင်းပ။

ကမ္ဘာ့ဈေးကွက်တွင် အရည်အသွေးမြင့်ထွက်ကုန်များလိုအပ်လျက်ရှိပြီး လတ်ဆတ်မှု၊ ကျန်းမာရေးနှင့်ညီညွတ်မှု၊သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းမှုများနှင့်သာ လယ်ယာ ထွက်ကုန်တန်ဘိုးကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍဝင်ငွေ တိုးမြှင့်ရေး၏ အဓိကအချက်သည် အရည်အသွေးမြင့်မျိုးစေ့ရရှိရေးဖြစ်ပြီး တန်ဘိုးကွင်းဆက်တစ်လျှောက် ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ဇူလိုင်လ(၁၈)ရက် နံနက်(၉)နာရီ အချိန်က နေပြည်တော် သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာ့စိုက်ပျိုးရေးကွန်ယက် MAN နှစ်ပတ်လည် အထွေထွေအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က ပြောကြားသည်။  
မြန်မာ့စိုက်ပျိုးရေးကွန်ယက် MAN နှစ်ပတ်လည် အထွေထွေအစည်းအဝေး သို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာ့စိုက်ပျိုးရေးကွန်ယက် MAN မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တို့က အဖွင့်အမှာစကားပြောကြားကြပြီး မြန်မာ့စိုက်ပျိုးရေးကွန်ယက် MAN မှ မူဝါဒအကြံပေးပုဂ္ဂိုလ် ဦးတင်ထွဋ်ဦး၊ Grow Asia မှ Executive Director ဖြစ်သူ Mr.Grahame Dixie တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းသူပြည်သားများ၏ ဝင်ငွေ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက် မှုအတွက် မည်မျှအရေးပါကြောင်းကို လယ်ယာကဏ္ဍအတွက် အလေးထား ပြောကြားလိုကြောင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များ အားလုံးပူးပေါင်းဆောင်ရွက်နေကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲသည့် စိုက်ပျိုးရေးကို အခြေခံပြီး စားနပ်ရိက္ခာဖူလုံရေး၊စားသုံးသူ ဘေးကင်းလုံခြုံရေးနှင့် အာဟာရဓါတ်ပြည့်ဝရေး တို့အတွက် ဝန်ကြီးဌာန၏မူဝါဒ ၊ အာဆီယံ နိုင်ငံများ၏ အဓိကရည်မှန်းချက်များနှင့် ဒေသတွင်း မူဝါဒများ၊ ကမ္ဘာလုံးဆိုင်ရာ မူဝါဒများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊
ဝန်ကြီးဌာနနှင့် မြန်မာ့စိုက်ပျိုးရေးကွန်ယက် MAN တို့ ပူးပေါင်းပြီး လုပ်ကွက်ငယ် လယ်သမားများ၏ ထုတ်လုပ်စွမ်းအားကိုမြှင့်တင်ကာ အကျိုးအမြတ်ပိုမိုရရှိစေနိုင်မည့် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအထိ မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မျှော်မှန်းချက်များ အထမြောက် အောင်မြင်စေရေးအတွက် အစိုးရ၊ ပုဂ္ဂလိက နှင့် တောင်သူလယ်သမားများ အားလုံးတို့က ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ဖြင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဆွေးနွေးပြောကြားသည်။
စိုက်ပျိုးရေးကွန်ယက် MAN အနေဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ ဆောင်ရွက်သည့်အဖွဲ့အစည်းများနှင့် တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၁၃ ခုနှစ် ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင် စတင် ဖွဲ့စည်းခဲ့ကြောင်း၊ လုပ်ငန်းငယ်ထုတ်လုပ်သူများနှင့် အခြားသော ကွန်ယက်တွင်ရှိသည့် စီးပွားရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးရန်၊ လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန်နှင့် တန်ဘိုး ကွင်းဆက်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်၊ လုပ်ငန်းတွင်ပါဝင်ဆောင်သူများ အရည်အသွေးမြှင့်တင်ရန်၊ အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် တို့ကိုစီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။












No comments:

Post a Comment