သီးနှံပိုးမွှားရောဂါဆိုင်ရာ (PP-Version -1.0)ထုတ်လုပ်ဖြန့်ချိ
===============================
လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေသူများ၊ စိုက်ပျိုးရေး ဝါသနာရှင်များ နှင့် သီးနှံပိုးမွှား ရောဂါဆိုင်ရာ သိရှိ လေ့လာလိုသူများအနေဖြင့် မိမိတို့အသုံးပြုလျက်ရှိသော မိုဘိုင်းဖုန်းများတွင် အလွယ်တကူ ရှာဖွေအသုံးပြုနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲက ထုတ်လုပ်ဖြန့်ချိမည့် Plant Protection Mobile Application (PP-Version -1.0)အကြောင်း ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ဇူလိုင်လ(၃)ရက်နေ့ နေ့လည်ပိုင်းက နေပြည်တော် ရုံးအမှတ် (၄၃)တွင် ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်စိန် နှင့် ညွှန်ကြားရေးမှူးများ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး သီးနှံကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦး က (PP-Version -1.0) နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ပိုးမွှား၊ ရောဂါ၊ ပေါင်း၊ ကြွက် များအား အမျိုးအစားခွဲခြားနိုင်ပြီး ကာကွယ်နှိမ်နင်း နိုင်မည့်နည်းလမ်းများနှင့် တရားဝင် မှတ်ပုံတင်ထားသည့်ပိုးသတ်ဆေးများကို မှန်ကန်စွာရွေးချယ် အသုံးပြုနိုင်သည်အထိ ချင့်ချိန် စဉ်းစားဆောင်ရွက် နိုင်ရန်၊ တရားဝင်မှတ်ပုံတင်ထားရှိသော ပိုးသတ်ဆေးများနှင့် ကုမ္ပဏီများကို အလွယ်တကူ သိရှိနိုင်ရန်၊ ဘက်စုံသီးနှံကာကွယ်ရေး နည်းလမ်းများကို သိရှိပြီး လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ဘေးအန္တရာယ် ကင်းရှင်းသော သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်စေရန်၊ ပိုးသတ်ဆေးကို အန္တရာယ်ကင်းစွာအသုံးပြုနိုင်စေရန် တို့ကိုရည်ရွယ်၍ (PP-Version -1.0) ဆော့ဝဲကို ရေးသားထုတ်ဝေရခြင်းဖြစ်ကြောင်း ညွှန်ကြား ရေးမှူး ဦးအောင်ကျော်ဦး က ပြောကြားသည်။
ယခုထုတ်လုပ်ဖြန့်ချိသည့် Plant Protection Mobile Application (PP-Version -1.0) တွင် သီးနှံ ၂၅ မျိုး၊ အင်းဆက်/ပိုးမွှား ၁၈၇ မျိုး၊ရောဂါ ၁၃၇ မျိုး၊ ပေါင်း(လယ်/ယာ)၃၀မျိုး၊ ကြွက် ၁၂ မျိုး၊ ရွှေခရု ၁ မျိုး အပါအဝင် သီးနှံဘက်စုံကာကွယ်ရေးနည်းလမ်းများ၊ ပိုးသတ်ဆေး နှင့် ပတ်သက်သည့် အချက်အလက်များ၊ အသုံးဝင်သည့် Website များ စသည်ဖြင့် စုံလင်စွာ ထည့်သွင်းထားကြောင်း၊ အဆိုပါ ဆော့ဝဲကို သီးနှံကာကွယ်ရေးဌာနခွဲ ရုံးချုပ်၏ http://www.ppdmyanmar.org Website တွင်လည်းကောင်း၊ ဒေါင်းလုပ်လင့် http://www.ppdmyanmar.org/uploads/7/6/7/2/76725835/plant_protection.apk တွင် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များ၊ ခရိုင် နှင့် မြို့နယ်များရှိ စိုက်ပျိုးရေးဦးစီးဌာန ရုံးများတွင် လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ သီးနှံကာကွယ်ရေး တာဝန်ခံများ ထံတွင် လည်းကောင်း အခမဲ့ ရယူနိုင်ကြောင်း နှင့် Android Version- 4.0 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ကြပြီး အခါအားလျော်စွာ ဆော့ဝဲအပ်ဒိတ် ပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment